အသည်းထိခိုက်စေနိုင်တဲ့ အစားအသောက်တွေက ဘာတွေဖြစ်မလဲ
အရက်တွေ အလွန်အကျွံ သောက်တာ၊ ဆေးတွေကို မလိုအပ်ဘဲ သောက်သုံးတာတွေ၊ သကြားနဲ့ ကယ်လ်လိုရီ ပါဝင်မှု များတာတွေကို စားသုံးတာတွေက အသည်းကို ဝန်ပိစေတယ်ဆိုပေမယ့် အသည်းကို ပျက်စီးစေနိုင်တာ ဒီအချက်တွေ ကြောင့်ပဲတော့ မဟုတ်ပါဘူး။ အချို့သော အစားအစာတွေကလည်း အသည်းကို ထိခိုက် ပျက်စီးစေနိုင် ပါတယ်တဲ့။ ဒီအကြောင်းကိုရော သိပြီးပြီလား? မသိသေးဘူးဆိုရင်တော့ နေ့စဉ်စားမိနေတဲ့အထဲမှာ အသည်းကို ပျက်စီးစေနိုင်တဲ့ အစားအစာတွေက ဘာတွေဖြစ်မလဲဆိုတာကို သိရှိရှောင်ကြဉ်နိုင်စေဖို့ စာလေးကို ဆုံးအောင် ဖတ်ကြည့်လိုက်တော့နော်။
အသည်း ဆိုရာဝယ်
အသည်း ဆိုတာက ခန္ဓာကိုယ်မှာရှိတဲ့ တစ်ခုတည်းသော အကြီးမားဆုံး အစိတ်အပိုင်းပါ။ အသည်းရဲ့ တာဝန်ကတော့ အစားအစာတွေကို ချေဖျက်ဖို့အတွက် သည်းခြေရည်ကို ထုတ်ပေးသလို အဆီတွေကို သိုလှောင်တာနဲ့ ကိုယ်ခံအား ကောင်းစေဖို့ သွေးတိတ်စေဖို့ စတာတွေကို လုပ်ဆောင်ပေးပါတယ်။
သွေးထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး သောက်လိုက်တဲ့ ဆေးဝါးတွေထဲက ဓာတုပစ္စည်းတွေကို ချေဖျက်ပေးတာမျိုးကို လုပ်ဆောင်ပေးပါတယ်။ မနားမနေ တစ်ချိန်လုံး အလုပ်လုပ်နေတဲ့ အစိတ်အပိုင်းလေးတွေပါ။
အသည်းကို ထိခိုက်စေနိုင်တဲ့ အစားအသောက်တွေက ဘာတွေဖြစ်မလဲဆိုတာကို ဆက်ကြည့်လိုက်ပါဦး။
ဒီအစားအစာတွေက အသည်းကို ပျက်စီးစေနိုင်ပါသတဲ့
နေ့စဉ်စားသုံးမှုကြောင့် အသည်းကို မထိခိုက်စေချင်ဘူးဆိုရင် ဒီအချက်လေးတွေကို သတိထားဖို့ လိုပါမယ်။
သကြား - အချို အစားများတာက အသည်းကို ထိခိုက်စေနိုင်ပါတယ်။ အချိုလွန်ကဲစွာ ပါဝင်နေတဲ့ အစားအစာတွေ ဖြစ်ကြတဲ့ သကြားလုံးတွေ၊ ကွတ်ကီးတွေ၊ ဆိုဒါ၊ အချိုရည် စတာတွေက အသည်းမျာ အဆီတွေစုပုံစေပြီး အသည်းရောဂါ ဖြစ်စေနိုင်ပါတယ်။ သကြားတွေ အများကြီး စားတာက အသည်းကို အရက်သောက်သလိုပဲ ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ သန့်စင်ထားတဲ့ အချိုဓာတ် နဲ့ လူလုပ်သကြားတွေက အသည်းကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်ပါတယ်။
ပြုပြင်ထားတဲ့အစားအစာတွေ - တာရှည်ခံဆေးတွေ၊ ဆိုးဆေးတွေ ထည့်သွင်းပြုလုပ်ထားတဲ့ ကြက်အူချောင်း၊ ဝက်အူချောင်း၊ အသားခြောက်ပြားတွေ နဲ့ ယမ်းစိမ်းပါတဲ့ အစားအစာတွေကလည်း အလွန်အကျွံစားမယ်။ နေ့စဉ်နီးပါး စားမယ်ဆိုရင် အသည်းကို ထိခိုက်စေမှာပါ။
ဂျုံဖြူနဲ့ လုပ်ထားတဲ့ အစားအစာတွေ -ဆိုလိုချင်တာကတော့ သန့်စင်ထားတဲ့ ဂျုံနဲ့ လုပ်ထားတဲ့ အစားအစာတွေကို ဆိုလိုချင်တာပါ။ သန့်စင်ထားတဲ့ ဂျုံနဲ့ လုပ်ထားတဲ့ အစားအစာတွေမှာ အမျှင်ဓာတ်၊ သတ္တုဓာတ်နဲ့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်တွေ ပါဝင်မှု မရှိတာကြောင့် သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေသလို အသည်းကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ပါစတာ၊ ပီဇာ၊ ဘီစကစ်၊ ပေါင်မုန့်ဖြူစတာတွေက အသည်းကို ထိခိုက်စေနိုင်ပါတယ်။
အမြန်စား အစားအစာတွေ - အမြန်စား အစားအစာတွေမှာ ပြည့်ဝဆီတွေ ပါဝင်မှု များသလို အစာကြေဖို့လည်း ခက်ပါတယ်။ ဘာဂါ၊ အာလူးချောင်းကြော်၊ ဝါဖယ် စတာတွေကို ခေဖျက်ဖို့ အသည်းက ပင်ပင်ပန်းပန်း အလုပ်လုပ်ရသလို ပြည့်ဝဆီတွေကြောင့် အသည်းအဆီဖုံးတာ၊ သွေးတွင်းအဆီများတာ၊ နှလုံးရောဂါ ဖြစ်နိုင်ခြေတွေကိုလည်း တိုးစေနိုင်ပါတယ်။
အနီရောင် အသားတွေ - အနီရောင်အသားတွေမှာ ပရိုတင်းတွေ ပြည့်ဝစွာ ပါဝင်နေပြီး အသည်းကို ဝန်ပိစေပါတယ်။ ပရိုတင်းတွေက မလိုအပ်ဘဲ အသည်းမှာ များလာပြီဆိုရင်တော့ အသည်းအဆီဖုံးတာ အပါအဝင် အသည်းရောဂါကို ဖြစ်စေနိုင်သလို ဦးနောက်နဲ့ ကျောက်ကပ်ကိုလည်း ထိခိုက်စေနိုင်ပါတယ်။
မွန်မွန်